စီမံခန့်ခွဲမှု နည်းပညာ
27th December 2021 By MyanmarDF
blog

စီမံခန့်ခွဲမှု နည်းပညာတွေက အများကြီးပါ။ မိမိကိုယ်ကို ကိုယ်တိုင်စီမံ ခန့်ခွဲမှု၊ အိမ်ထောင်ရေးစီမံခန့်ခွဲမှု ကနေ Project အသေး အငယ် အလတ် အကြီး စီမံခန့်ခွဲမှု၊ အသင်းအဖွဲ့ စီမံခန့်ခွဲမှု၊ နိုင်ငံတော်ကို အုပ်ချုပ် စီမံခန့်ခွဲမှုထိ ရှိတာပေါ့။ ဒီအကြောင်းတွေ ရေးဖို့ ဖန်လာတာက မြန်မာတွေ စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန်ကို သွားကြတော့မယ် ဆိုရင် ခေါင်းဆောင်ကောင်းတွေ ရှေ့ဆောင်လမ်းပြကောင်းတွေ နောက်လိုက်ကောင်းတွေ လိုလာပြီလေ။

ငယ်ငယ်ကတည်းက ထမင်းကို မိဘက ခွန့်ကျွေးတာကို အစားခံလာခဲ့၊ ကိုယ့်ဘဝရဲ့ ရှေ့အနာဂတ်လမ်းကြောင်းတွေကို မိဘတွေကပဲ ဆုံးဖြတ်ပေးခဲ့ ထိုကဲ့သို့သော မှီခိုရသော ပတ်ဝန်းကျင် အသိုင်းအဝိုင်း ယဉ်ကျေးမှုတွေ အောက်မှာ ကြီးပြင်လာခဲ့ကြတဲ့ မြန်မာလူမျိုးတွေမှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အရေးကြီးတဲ့ ဆုံဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချရမဲ့ နေရာတွေမှာ အားနည်းနေတတ်ကြတယ်။ ဧဝရက်တောင်ထိပ်ကို စွန့်စွန့်စားစားတက်တဲ့အထဲမှာ မြန်မာတွေ မပါသေးဘူး။ ကမ္ဘာကြီးကို ကုန်းတစ်တန်၊ ရေတစ်တန် ပတ်တဲ့ထဲမှာ မြန်မာတွေ မပါသေးဘူး။ ကမ္ဘာကိုရင်ဘောင်တန်းနိုင်မဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ သိပ္ပံပညာရှင်ကြီးတွေ အရေအတွက်က လက်ချိုးရေစရာတောင် မရှိဘူး။ မြန်မာစာသင်ကျောင်းတွေမှာလည်း ပညာသင်ကြားရေးစနစ်က လိုအပ်ချက်တွေ လွဲချော်မှုတွေရှိနေတယ်။ ဆရာ ဆရာမတွေက တစ်နှစ် တစ်တန်း အတန်းပညာ အောင်မြင်ရေးကိုပဲ ဦးစားပေးတယ်။ အဲဒီတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ တစ်နေ့ ၂၄ နာရီရှိတဲ့အထဲက မနက် မိုးလင်းကနေ မိုးချုပ် အထိ ကျောင်းစာနဲ့ပဲ လုံးပန်းရတယ်။ အားကစားတို့၊ ပတ်ဝန်းကျင်လေ့လာရေး ခရီးတို့ ဆိုတာ ဘယ်ရှိမလဲ။ ဒါတွေဟာ သူငယ်တန်း ကလေး ဘဝကနေ တက္ကသိုလ်ကျောင်းသား ဘဝရောက်တဲ့အထိ ဖြစ်ပျက်နေတာ။ ကျုရှင်ယူရတယ်၊ စာကျက်ဖို့တောင် လူငှားရတယ်ဆိုတော့ ကိုယ့်ကိုယ် ကို အားကိုးဖို့ စိတ်ဓာတ်တွေက ပျက်စီးနေပြီလေ။ ကျောင်းသူကျောင်းသားတွေမှာလည်း ကိုယ်ခံကြံခိုင်မှုတွေ အားနည်းကြတယ်။ နေ့စဉ် နွားနို့ ပုံမှန် သောက်နိုင်တဲ့ မြန်မာမိသားစုက အလွန်တရာ နည်းလွန်းတယ်။ ဒုတိယ ကမ္ဘာစစ်လောက် တုန်းက မြန်မာတွေ ခေါ်ခဲ့တဲ့ ဂျပန်ငပုဆိုတာ ယခုခေတ် မမှန်တော့ဘူး။ ယနေ့ ဂျပန်တွေ အရပ် ၅ပေကျော် ၆ပေ ပျမ်းမျှ ဝန်းကျင်မှာ ရှိကြတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ဂျပန်တွေ အစစ အရာရာ အမေရိကန်တွေ ကို မှီအောင် အစီအစဉ်ချ ကြိုးစားလာခဲ့ကြတာ ယနေ့ထက်တိုင်ပဲ။

အနောက်တိုင်းက၊ ဂျပန်က ကျောင်းတွေမှာ ငယ်ငယ်လေး ကတည်းက မိမိကိုယ်ကို စီမံခန့်ခွဲ အုပ်ချုပ်တတ်ဖို့ လေ့ကျင့်ပေးလာတာ ကြီးပြင်းလာတော့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့ဆိုတာက အလိုအလျောက် အခြေအနေတွေပေါ်မူတည်ပြီး ဦးဆောင်တတ်နေပြီ။ ခေါင်းဆောင်မှုကို ရင်းနှီး အကျွမ်းဝင်နေတဲ့ သူတွေအတွက်လည်း နောက်လိုက် လုပ်ဖို့ မခက်ဘူး။ ခေါင်းဆောင်ကောင်း ကို လေးစားတယ်။ ခေါင်းဆောင်က ချပြတဲ့ မူတွေကို နားလည်တယ်ပေါ့။ ခေါင်းဆောင်နဲ့ နောက်လိုက် သဟဇာတ မျှ ကြတယ်။ မြန်မာ လူမျိုးတွေ မှာ အလွန်တရာ စိတ်ပျက်ဖို့ ကောင်းတဲ့ ဝသီတစ်ခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာတွေ အချင်းချင်း ခွက်စောင်း ခုတ်ကြခြင်းပဲ။ ဘယ်နဲ့ ကိစ္စတစ်ခုခု ပေါ်လို့ ခေါင်းဆောင်တွေ ထွက်လာကြရင် တစ်ယောက်နဲ့ တစ်ယောက် ခွက်စောင်းခုတ် ခွတ်နေကြတာနဲ့ အဓိက ဦးတည်ချက် ရည်မှန်းချက်တွေ ကို မှန်မှန် ကန်ကန် မချနိုင်ကြတော့ဘူး။ ခေါင်းဆောင်းကောင်းတွေ ဖြစ်ဖို့ အပြင် နောက်လိုက်ကောင်းတွေဖြစ်ဖို့လည်း လိုပါတယ်။

မြန်မာပြည်မှာ စစ်တပ်က သင်ကြားပေးနေတဲ့ တက္ကသိုလ်ပညာရေး စနစ်နဲ့ အပြင်မှာ သာမန်ပြည်သူ ကျောင်းသူကျောင်းသားတွေ တက်ကြရတဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုပြီး ရှိပါတယ်။ စစ်တပ်က လေ့ကျင့်သင်ကြားပေးနေတဲ့ ပညာရေး စနစ်မှာ ရုရှားကို နယူကလီယားပညာ လေ့လာဖို့ လွတ်ထားတဲ့ လူတွေရှိတယ်။ တနှစ် တနှစ် ဂျပန် အစိုးရက စရိတ်စက အစစ အရာရာ တာဝန်ယူ သူ့နိုင်ငံခေါ်ပြီး ပညာရေး နယ်ပယ်တော်တော်များများကို သင်ကြားပေးနေတာလည်း ရှိတယ်။ ဂျပန် အစိုးရ က ငွေကြေးအင်အားတောင့်တင်း ခိုင်မာတော့ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ ပညာရေးမှာ အကူအညီတွေ ပေးပါတယ်။ ဒါပေမယ့် ဂျပန်မှာ ပညာ သင်ကြားနိုင်ဖို့ အခွင့် အရေး ရကြတာက စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေပဲ ရကြလေ့ ရှိတယ်။ သာမန် အပြင်တက္ကသိုလ်တွေက ထွက်လာတဲ့ ဘွဲ့ရလူငယ်တွေ အတွက် ဘဝအာမခံချက် အလုပ်အကိုင် ဘာမှ မရှိဘူး။ တက္ကသိုလ်က ပြီးတဲ့ ကျောင်းသားတစ်ယောက် အင်္ဂလိပ် စာကို အဆင်ပြေ ချောမွေ့အောင် မရေးတတ်ဘူး။ အင်္ဂလိပ်စကားပြော မကောင်းတာတော့ ထားပါတော့။ တိုင်းပြည် ကမှ တော်တဲ့ အင်္ဂလိပ်ဆရာ ဆရာမတွေကို မငှားနိုင်တာ။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်း၊ အဓိပတိ ဦဘမော်တို့ဆိုတာ အင်္ဂလိပ်စကားပြော ကို ကိုယ်တိုင်လေ့ကျင့်လာတဲ့ သူတွေ။ နိုင်ငံရေးမှာ နိုင်ငံခြားသားတွေနဲ့ သူတတင် ကိုယ်တတင် ပြောနိုင်ကြတဲ့ သူတွေ။ အင်္ဂလိပ်စကားမှာ အပြောအဆို လေယူလေသိမ်းက လိုသေးတာကိုး။ ပဲခူးဆောင်မှာ နေတုန်းက ဗိုလ်ချုပ်နေခဲ့တဲ့ အခန်းနဲ့ ကပ် နေရလို့ တခါတရံ ဗိုလ်ချုပ်ကို အာရုံသွင်း သူနေခဲ့တဲ့ အခန်းထဲက အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး အင်္ဂလိပ်စာ သူလိုဖြစ်မဟေ့လို့ ကိုယ့်ကိုယ် ကို ကြိမ်းဝါးခဲ့တာပေါ့။ ဒါတောင် William Ernest Henley ရဲ့ Invictus ကဗျာကို ဘာသာပြန်ထားတဲ့ အနိုင်မခံ ဆိုတဲ့ ကဗျာကိုကြည့်ပြီး ကိုယ်ကိုယ်တိုင် ဘာသာပြန်ဆို ကောင်းမွန်ပြည့်စုံပြီး မာန်ပါအောင် ပြန်တတ်မှာ မဟုတ်ဘူး။

အဲဒီတော့ နောက် ၁၀နှစ် တိုင်းပြည် အုပ်ချုပ်ဖို့ လူတွေ တက်လာကြ၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ယှဉ်ပြိုင်မှုတွေ လုပ်လာကြတဲ့ အခါ စစ်တပ်က ထွက်လာမဲ့ လူတွေ ရှိမယ်။ စစ်တပ်မဟုတ်တဲ့ တက္ကသိုလ်ပညာရေးက ထွက်လာမယ့် လူတွေရှိမယ်။ ဒါပေမယ့် အပြင် တက္ကသိုလ်ပညာရေးက ထွက်လာမယ့် လူတန်းစားက ပညာရေးမှာ အားနည်းနေတယ်။ ပညာရေးဆိုတာ အရေးကြီးတယ်။ အဆင့်အတန်း မြင့်မားတဲ့ ပညာရေး အခြေခံအုပ်မြစ် မရှိပဲနဲ့ နိုင်ငံကို ဘယ်လို ဦးဆောင်မလဲ။ ဘယ်လို အုပ်ချုပ်မလဲ။ စစ်တပ်ပညာရေးမှာ အနည်းဆုံး စစ်တပ်ဆန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံကို သင်ကြားပေးတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ယနေ့ လူငယ်တွေ ဒီမိုကရေဒီဆန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံတွေ၊ ခေါင်းဆောင်မှုနည်းပညာတွေ၊ မြန်မာ ပြည်မှာ လေ့လာလို့ မရတဲ့ နိုင်ငံရေးသိပ္ပံပညာတွေကို လေ့လာဖို့ လိုအပ်နေပြီ။ နိုင်ငံတကာနဲ့ ဆက်သွယ် ပြောဆိုဖို့ ဘာသာစကားတွေကို လေ့လာဖို့လည်း လိုပါသည်။ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် အစရှိတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ နိုင်ငံရေးသိပ္ပံပညာတွေကို လေ့လာ၊ ခေါင်းဆောင်တွေ ထွက်လာပြီး စည်းကမ်းရှိရှိ နည်းပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးပညာတွေနဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်ဆီက ပြန်ယူရမည်။ ထို့အတူ ဒီမိုကရေစီနိုင်ငံကြီးတွေဆီကလည်း မြန်မာပြည်အတွက် ရှေ့အနာဂတ် ဒီမိုကရေစီခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့ အကူအညီတွေအများကြီးလိုပါတယ်။ မြန်မာနိုင်ငံကို စီပွားရေးပိတ်ဆို့လာသည်နှင့် အမျှ မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပြည်ပထွက် ရှာကြရပါသည်။ မြန်မာပြည် စစ်စစ်အာဏာရှင်ကလည်း နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ထံမှ အဆမတန် အခွန် တောင်းခံခြင်းဖြင့်သော်၎င်း၊ တရုတ် အန္ဒိယ အိမ်နီးချင်းနိုင်ငံများဖြင့် စီးပွားရေး ကူလူဖလှယ်ခြင်းဖြင့်သော်၎င်း စီးပွားရေး ပိတ်ဆို့မှုကို ဖြုံမည် မဟုတ်ပါ။ ထိုကဲ့သို့သော အခြေအနေတွင် စီမံခန့်ခွဲမှု နည်းပညာ၊ ခေါင်းဆောင်မှုနည်းပညာများသည် မြန်မာလူမျိုးများ ပျက်ဆီးနေသော စီတ်ဓာတ်ကို ပြန်လည် ပြင်ဆင်ပေးဖို့ တဖက်တလမ်းမှ အထောက်အကူ ပြုပါလိမ့်မည်။ မည်သူမျှ မွေးလာကတည်းက ထိုပညာများကို မတတ်ပါ။ လေ့ကျင့်ယူကြရသည်။