ပရောဂျက်တစ်ခု အောင်မြင်စွာ ပြီးဆုံးနိုင်ရန် လိုအပ်သော အတည်ပြုခြင်းများကို အဆင့်ဆင့် ဖြတ်သန်းရပါသည်။ သဘောတူညီထားသည့်အတိုင်း ပြီးမြောက်သည်များကို Customer မှ အတည်ပြု လက်မှတ်ထိုးပေးပြီးမှ သက်ပြင်း ဟင်း…. ချနိုင်သည်။
သို့ရာတွင် ပြီးဆုံးပြီး ဆိုပြီး စိတ်ဒုံးဒုံးချကာ စိတ်လိုလက်ရ အပန်းဖြေ ခရီးထွက်၊ အနာယူလို့ မရသေးပါ။ ငှားရမ်းထားသည့် စက်ကိရိယာများ၊ အလုပ်သမားများ၊ ဘဏ် စာရင်းရှင်းတမ်း ပိတ်ခြင်းများ ပြီးဆုံးသည် အထိ ဆက်လက် လုပ်ဆောင် သွားရပါသည်။ သို့မဟုတ် လျှင် မလိုအပ်သော ကုန်ကျစရိတ်များက မှန်းထားသော ပရောဂျက်၏ ဘတ်ဂျက်ကို ထိခိုက်နိုင်ပါသေးသည်။
ဤသည် မှာ စီမံခန့်ခွဲခြင်း နည်းပညာ Project Management ၏ အကြမ်းဖျင်း သဘောပင် ဖြစ်သည်။ ဤအရာများ၊ ထိုအရာများ ရှိသည်ဟု ပြောပြရုံပင်ဖြစ်သည်။ ကျယ်ပြန့်သော ပညာရပ်တစ်ခု ဖြစ်သည့် အားလျော်စွာ သေသေချာချာ စနစ်တစ်ကျနှင့် ချဉ်းကပ်လေ့လာစေချင်ပါသည်။ ပညာရပ်တစ်ခု ကို ချဉ်းကပ် လေ့လာတော့မည် ဆိုလျင်လည်း တဖြည်းဖြည်းနှင့် လေ့လာ တည်ဆောက်ယူရသည်။
ဝါးပင်တို့သည့် နုနယ်စဉ်က မျှစ်စို့ကလေးများဖြစ်ကာ ပျော့ပျော့ ဖတ်ဖတ် ကလေးများ ဖြစ်ကြသည်။ အလွယ်တကူ ချိုးဖဲ့၍ ကျေလွယ် ပျက်လွယ်သည်။ သို့ရာတွင် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကျစ်လစ် မာကျောသော ဝါးသဖွယ် အသွင်ပြောင်သွားကြသည်။
ထို့အတူ သိန်း စွန်ရဲတို့ မည်သည် ငှက်အပေါင်း၏ အမြင့်တွင်သာ ပျံဝဲကြသည်။ ငယ်စဉ်အခါက အခြားငှတ်များ လှောင်ပြောင် ရယ်မောကာ ကဲရဲ့ကြချိန်တွင် အသိုက်အိမ်၌ အားမွေး အရှိန်ယူကြသည်။ ဟော… အချိန်တန်ကာ ပျံမည့်ပျံတော့ ဟော..ဟို အမြင့်ဆုံးမှာ။
ကျွန်တော်တို့ မြန်မာပြည်မှ လူငယ်များ အောင်မြင်ကြီးပွား တိုးတက်ကြပါစေ။ တုတ်ခိုင်သော ပညာ ဝါးစိမ်းတုတ်များနှင့် ဘဝစက်ဝန်းကို ကျားကန် နိုင်ကြသလို့ သိန်း စွန်ရဲများကဲ့သို့ အများတကာတို့ အထက်၌ ဝဲပျံနိုင်ကြပါစေ။